မြို့တွင်းရှိ မီးပွိုင့်များကို ဆင်ဆာစနစ်ပါဝင်သည့် မီးပွိုင့်များဖြင့် ပြောင်းလဲတပ်ဆင်ရာတွင် သတ်မှတ်ထားသည့် အချိန်ထက် ကျော်လွန်နေသည့်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့် မြန်မာရွှေယင်းကုမ္ပဏီကို တစ်ရက်လျှင် တစ်သိန်းနှုန်းဖြင့် ဒဏ်ရိုက်အရေးယူဆောင်ရွက်ရာတွင် ဒဏ်ကြေးငွေကျပ် သိန်း ၁၇၀ ကျော် ရရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။ အဆိုပါ မီးပွိုင့်စနစ်တပ်ဆင်ခြင်းကို ပြီးခဲ့သည့်အစိုးရလက်ထက်တွင် တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် မေလ ၁၅ ရက်တွင် အပြီးတပ်ဆင်ရမည်ဖြစ် သော်လည်း သို့သော် မီးပွိုင့်စနစ်တပ်ဆင်မှုမှာ လက်ရှိအချိန်ထိ ပြီးစီးမှု မရှိသေးသည့် အတွက် ကုမ္ပဏီဘက်မှ ဒဏ်ကြေးငွေ ပေးဆောင်နေရပြီး ဒဏ်ကြေးငွေကျပ် စုစုပေါင်း ကျပ် ၁၇၆ သိန်းရှိနေပြီဖြစ်ကြောင်း သိရသည်။

“သူတို့သတ်မှတ်ရက်ထက် ကျော်လွန်နေလို့ ဒဏ်ရိုက်အရေးယူတာပါ။ အမှန်ဆိုရင် စာချုပ်ချုပ်ဆိုပြီး ခြောက်လအတွင်း အပြီးဆောင်ရွက်ရမှာပါ။ မီးပွိုင့်စနစ်တွေကို ထိန်းချုပ်သွားဖို့အတွက် ထိန်းချုပ်စင်တာကိုပါ တစ်ခါတည်း ဆောက်ထားပါတယ်။ မကြာခင်တော့ မီးပွိုင့်တပ်ဆင်မှုက ပြီးစီးတော့မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြို့တွင်းရှိ မီးပွိုင့်ပေါင်း ၁၅၄ ပွိုင့်ကို ဆင်ဆာစနစ်သုံးမီးပွိုင့်များဖြင့် ပြောင်းလဲတပ်ဆင်ရာတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါမီးပွိုင့်စနစ်တပ်ဆင်ရန်အတွက် ပြီးခဲ့သည့် အစိုးရ၏ ရန်ပုံငွေထဲမှ ဘီလျံ ၂၀ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မီးပွိုင့်များ အားလုံးတပ်ဆင်ပြီးစီးပါက စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်များကို စောင့်ကြည့်၍ အရေးယူသွားမည်ဖြစ်သလို လိုင်စင်မဲ့ကားများနှင့် နံပါတ်ပြားအတုများတပ်ဆင်၍ မောင်းနှင်သည့် ယာဉ်များကို စောင့်ကြည့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Akonthi